လုပ်ထုံးလုပ်နည်းနှင့်စည်းကမ်းချက်များ

ဤစည်းကမ်းကို ၁၃၅၆ခု၊ ပြာသိုလဆန်း(၁)ရက်၊ ၁၉၉၅ခု၊ ဇန်နဝါရီလ(၁) ရက် တနင်္ဂနွေနေ့မှစ၍ လိုက်နာကျင့်သုံးကြရန်ဖြစ်သည်။ဤစည်းကမ်းများကို အလုက်အမှုဆောင်အဖွဲ့နှင့် ကျွမ်းကျင်သောအသင်းသားများသို့ တစ်ကြိမ်၊ အမှုဆောင်စုံညီ၌ တစ်ကြိမ်၊ ကျွမ်းကျင်သော ရောင်းသူ/ဝယ်သူအသင်းသားများနှင့် အလုပ်အမှုဆောင်များသို့ တစ်ကြိမ်ဆွေးနွေးပြီး အလုပ်အမှုဆောင်အဖွဲ့က (၁၈.၁၂.၁၉၉၄) အစည်းအဝေး၌ အပြီးသတ်ဆွေးနွေးညှိနှိုင်း၍ အောက်ပါအတိုင်းအတည်ပြုသတ်မှတ်လိုက်သည်။

နိဒါန်း

သဘာဝအလျောက် ပါဝင်တတ်သည့် အမှော်၊အဖျင်း၊ဖုန်၊သဲ။ခဲ ထက်ပိုမို၍ ကောက်ပဲသီးနှံများထဲသို့ ဖုန်၊သဲ၊ခဲ စသည်များ ရောနှောထည့်ခြင်း (ဥပမာ – နှမ်း၊မြေပဲဆန်၊ဂျုံ၊ကုလားပဲထဲသို့ ကျောက်ခဲ၊မြေခဲများရောထည့်ခြင်း) သီးနှံနှင့် အရွယ်တူ အရောင်တူကျောက်ခဲစသည်တို့ကို ရွေးချယ်ဆေးဆိုး၍ ရောနှောထည်းခြင်း (ဥပမာ – နှမ်း၊ ပဲနှမ်းကဲ့သို့အရွယ်တူခဲငယ်များ ဆေးဆိုးထည့်ခြင်း) တန်ဖိုးမြင့်သောသီးနှံများထဲသို့ ဈေးချိုသောအရောင်အသွေးတူသည့် အခြားသီးနှံများကို  ရောထည့်ခြင်း (ဥပမာ – စမုံစပါးများထဲသို့ စမုန်ညိုထည့်ခြင်း) အဆိပ်အတောက် ဖြစ်စေတတ်သော ပစ္စည်းကိုပင် မရှောင် စားသုံးသည့်သီးနှံထဲသို့အလေးချိန်တိုးစေရန်ရောနှောထည့်ခြင်း စသည့်မသမာမှုအမျိုးမျိုးတို့ကို အချို့သော ပုဂ္ဂိုလ်များက ကိုယ်တိုင်ပြုလုပ်နေကြခြင်းနှင့် အခြားမှပို့သည့်ကုန်ကို လက်ခံရောင်းဝယ်နေကြခြင်း တို့ကိုကြားသိတွေ့မြင် နေကြရပါသည်။ ထို့ကြောင့် ဤကောက်ပဲသီးနှံများထဲသို့ မသမာသောနည်းဖြင့် အလေးချိန်တိုးအောင် အခြားပစ္စည်းများထည့်ခြင်း၊ ပြုပြင်ခြင်းမှ

“ကာကွယ်တားမြစ်သောစည်းကမ်း” ကိုညှိနှိုင်းရွေးဆွဲကြရမည်ဖြစ်ပါသည်။

တိုက်တွန်းချက်

စားသုံးသည့်ကောက်ပဲသီးနှံများကို ပိုးမွှားကာကွယ်ရာတွင် ခွင့်ပြုထားသော ပိုးမွှေးကာကွယ် ဆေးပြားများ၊ ဆေးရည်များကိုသာ သုံးစွဲကြရန်နှင့် စားသုံးသော  ကောက်ပဲသီးနှံနှင့် မသင့်လျော်သည် ပိုးသတ်ဆေးမှုန့်၊ ဆေးရည်များကို မသုံးစွဲရ။ ကောက်ပဲသီးနှံအမျိုးအစားအလိုက် အမှော်၊ ဖုန်၊ သဲ၊ ခဲအများဆုံးပါဝင် နိုင်သောစံနှုန်းများကို အောက်ပါအတိုင်း အုပ်စုခွဲ၍ သတ်မှတ်ကြပါသည်။

(၁) ပထမအုပ်စု ။        ။ အမှော်၊ ဖုန်၊ သဲ၊ ခဲများ (လုံးဝ) မပါရမည့်ကောက်ပဲသီးနှံများ။

(၁) ကုန်ချောပစ္စည်းများ

ဥပမာ – ပဲခြမ်းအမျိုးမျိုး

(၂) မြေပဲလုံးဆန်အမျိုးမျိုး

(၂) ဒုတိယအုပ်စု။       ။ အမှော်၊ ဖုန်၊ သဲ၊ ခဲများ(၃)တင်းဝင် တစ်အိတ်လျှင် အများဆုံး(၂၅)ကျပ်သားထက်   မများ ပါဝင်နိုင်သော ကောက်ပဲသီးနှံများ

(၁) ကုလားပဲဖြူလုံးကြီး

(၂) ပြောင်းဖူးစေ့

(၃) နံနံ

(၄) စမုန်နက်

(၅) စမုန်စပါး

(၆) ပြောင်းဆန်အမျိုးမျိုး

(၇) ပဲစင်းငုံအမျိုးမျိုး

(၈) မြေထောက်ပဲ

(၉) နိုင်လွန်ပဲ

(၁၀) စွန်တာပြာ

(၁၁) ပဲလိပ်ပြာ/ ပဲကြား

(၁၂) ပဲနီပြား

(၁၃) ပဲလွန်းပြာ

(၁၄) ပဲလွန်းဖြူ

(၁၅) ပဲလွန်းဝါ

(၁၆) ထောပတ်ပဲ

(၁၇) ပဲကြီး

(၁၈) တရုတ်ပဲကြီး

(၁၉) ခေတ်သစ်ပဲ

(၂၀) ပဲဖြူလေး

(၂၁) ပဲယဉ်း

(၃) တတိယအုပ်စု။      ။ အမှော်၊ ဖုန်၊ သဲ၊ ခဲများ(၃)တင်းဝင်အိတ်လျှင် အများဆုံး(၅၀)ကျပ်သားထက်မများ ပါဝင်နိုင်သော ကောက်ပဲသီးနှံများ။

(၁) ဂျုံစေ့

(၂) ကုလားပဲဝါ

(၃) ကုလားပဲဖြူလုံးသေး

(၄) ပဲတီစိမ်း

(၅) မတ်ပဲ

(၆) စားတော်ပဲ

(၇) ပဲပုပ်စေ့

(၈) ပဲရာဇာ

(၉) မိုးလေးနှမ်း

(၁၀) ကဇင်းသီး

(၁၁) ကြို့စေံ

(၁၂) နေကြာအမျိုးမျိုး

(၁၃) ကြက်ဆူစေ့အမျိုးမျိုး

(၄) စတုတ္ထအုပ်စု။       ။ နှမ်းအမျိုးမျိုးနှင့် ပန်းနှမ်းတို့ကို (က) အုပ်စုခွဲ(ထောင်နှမ်း)နှင့် (ခ) အုပ်စုခွဲ(တလင်းနှမ်း) ဟူ၍ နှစ်မျိုးခွဲပါသည်။

(က) နှမ်းအမျိုးမျိုးနှင့် ပန်းနှမ်း

(၄၅)ပိဿာအသားချိန်အုပ်စုခွဲ (ထောင်နှမ်း)ရှိသည့် (၃)တင်းဝင်တစ်အိတ်လျှင် ဖုန်၊သဲ၊ခဲ၊စသည်များ (၂၅)ကျပ်သားထက် မများရသော နှမ်းအမျိုးမျိုးနှင့် ပန်းနှမ်း။

(ခ) နှမ်းအမျိုးမျိုးနှင့် ပန်းနှမ်း

(၄၅)ပိဿာအသားချိန်အုပ်စုခွဲ (ထောင်နှမ်း)ရှိသည့် (၃)တင်းဝင်တစ်အိတ်လျှင် ဖုန်၊ သဲ၊ခဲ စသည်များ (၁)ပိဿာထက် မများရသော နှမ်းအမျိုးမျိုးနှင့် ပန်းနှမ်း။

(၅) ဆီကြိတ်သော မြေပဲဆန်အမျိုးမျိုး

အသားချိန်(၅၀)ပိဿာတစ်အိတ်လျှင် ဖုန်၊ သဲ၊ ခဲ ပါဝင်မှု (၅၀)ကျပ်သားထက် မများရသော မြေပဲဆန်အုပ်စု။

“မန္တလေးမြို့၊ပွဲစားကုန်သည်စက်ပိုင်များမဟာကထိန်တော်အသင်း” စည်းမျဉ်းဥပဒေကို အပိုဒ် (၅)၊ရည်ရွယ်ချက် (ခ) အသင်းသားအချင်းချင်း သမာသမတ်မျှတစွာ အရောင်းအဝယ်ပြုလုပ်နိုင်ကြစေရန် “ရည်ရွယ်ချက်” အရအသင်းသားများနှင့် ၎င်းတို့၏ကိုယ်စားလှယ်များသည် သမ္မာအာဇီ၀ အသက်မွေးခြင်းတရားတော်နှင့်အညီ အရောင်းအဝယ်ပြုလုပ်ကြရာတွင် အောက်ပါစည်းကမ်းချက်များကိုလိုက်နာကြရမည်။

၁။      (က)    အရောင်းအဝယ်ပြုလုပ်ခြင်းဆိုရာတွင် ပွဲစားကုန်သည်စက်ပိုင်များ မဟာကထိန်တော်   အသင်းတိုက်ဝင်းအတွင်း၌ ပြုလုပ်ခြင်းကိုဆိုလိုသည်။

(ခ) အရောင်းအဝယ်ပြုလုပ်ကြရာ၌ ဤအသင်း၏ ပဋိပက္ခဖြေရှင်းရေး အဖွဲ့နှင့်ပတ်သက်သောကိစ္စမှာ ရောင်းသူဝယ်သူနှစ်ဦးစလုံး အသင်းသားဖြစ်ရမည်။

(တစ်ဦးကအသင်းသား၊ ကျန်တစ်ဦးက အသားမဟုတ်လျှင် ဤပဋိပက္ခဖြေရှင်းရေး အဖွဲ့နှင့် မသက်ဆိုင်ပါ)

၂။      ရောင်းသူ၏ကုန်ပစ္စည်းနမူနာကို ဝယ်သူနှစ်သက်၍ နှစ်ဦးသဘောတူ ဈေးပြတ်ပြီးပါက နမူနာထုပ်ပေါ်တွင် ဈေးနှုန်း၊ အရေအတွက်နှင့် ရောင်းသည့်ရက်ကို ပြတ်သားစွာရောင်းသူနှင့် ဝယ်သူနှစ်ဦးစလုံး၏ ရှေ့မောက်တွင် တစ်ခါတည်းရေးမှတ်ရမည်။

၃။      ရောင်းသူဝယ်သူ နှစ်ဦးသဘောတူ ဈေးဖြတ်ပြီးမှ ဈေးတက်သွားသော်လည်း အရောင်းအဝယ် ပြုလုပ်ထားသော ကုန်ပစ္စည်းကိုနမူနာအတိုင်း ရောင်းသူက အရေအတွက်ပြည့်အောင်အပ်နှံရမည်။

၄။      ကုန်ပစ္စည်းဈေးတက်သွားသဖြင့် ရောင်းသူကမိမိအပ်ရမည့် ကုန်ပစ္စည်းကို မူလပေးထာသောနမူနာအတိုင်း မဟုတ်သည့်အဆင့်နိမ့်သော ကုန်ပစ္စည်းကိုအစားထိုးပေးအပ်ခြင်း မပြုရ။

၅။      ဝယ်သူသည် ရောင်းသူနှင့်နှစ်ဦးသဘောတူ ဈေးပြတ်ပြီးသော နမူနာအထုပ်ပေါ်ရှိ ရေးမှတ်ထားသော ဈေးနှုန်းနှင့် အရေအတွက်အတိုင်း ကုန်ပစ္စည်းကိုသိမ်းရမည်။

၆။      ရောင်းသူနှင့်ဝယ်သူ နှစ်ဦးသဘောတူ ဈေးပြတ်ပြီးမှ မည်မျှပင်ဈေးကျသွားစေကာမူ မူလသဘောတူဈေးပြတ်ပြီးသော ဈေးနှုန်းနှင့် အရေအတွက်အတိုင်း ကုန်ပစ္စည်းကို သိမ်းရမည်။

၇။      မိမိဝယ်ထားသော ကုန်ပစ္စည်းများ ဈေးကျသွားသဖြင့် ရောင်းသူနှင့် ဝယ်သူ နှစ်ဦးသဘောတူထားသော နမူနာအတိုင်း ကုန်ပစ္စည်းကိုအပ်နှံလျှင် ဝယ်သူက နမူနာအတိုင်းတူလျက် မတူပါဟူသောအကြောင်းပြချက်ဖြင့် အရောင်းအဝယ်ကိုမဖျက်ရ။

၈။      အရောင်းအဝယ်သဘောတူသောနေ့မှာပင် ဝယ်သူက ကိုယ်တိုင်ဖြစ်စေ ဆုံးဖြတ်ပေးနိုင်သော

ကိုယ်စားလှယ်ကိုဖြစ်စေ ဝယ်ယူသောကုန်ပစ္စည်းကို အရောင်းအဝယ်ပြုလုပ်ထားသောနမူနာနှင့်တကွ သွားရောက်ကြည့်ရှုတိုက်ဆိုင်၍ ကုန်သိမ်းမည်၊ မသိမ်းမည်ကို နမူနာတိုက်သည့်နေ့မှာပင် ပြန်ကြားရမည်။ နေ့ချင်းကုန်သိမ်းကုန်အပ်မပြုလုပ်နိုင်ပါက မည်သည့်ရက်တွင် ကုန်သိမ်းမည်၊ ကုန်အပ်မည်ကို ကြိုတင်ညှိနှိုင်းကြရမည်။ သဘောတူညီသော နေ့ရက်အတိုင်း ကုန်သိမ်းကုန်အပ်ပြုလုပ်ရမည်။ နေ့ချင်းနမူနာ တိုက်ဆိုင်စစ်ဆေးရန် ပျက်ကွက်ပါက ဝယ်သူ၏တာဝန်သာ ဖြစ်သည်။ရောင်သူသည် မိမိရောင်းသော ကုန်ပပစ္စည်းပေါ်၌ လူမှုရေး၊ ရာဇဝတ်ရေးတို့နှင့် ပတ်သက်၍ လုံးဝတာဝန်ယူရမည်။

၉။      အလေးချိန်နှင့်ပတ်သက်၍ ရောင်းသူနှင့်ဝယ်သူနှစ်ဦးအကြား အငြင်းပွားခဲ့သော် အသင်းတိုက်ရှိသမာဓိကတ္တားဖြင့် တိုက်ချိန်၍ သမာဓိကတ္တား၏ အလေးချိန်အတိုင်းအပ်နှံခြင်း၊ သိမ်းယူခြင်း ပြုလုပ်ကြရမည်။

၁၀။    တင်းတောင်းနှင့်ပတ်သက်၍ ရောင်းသူနှင့်ဝယ်သူနှစ်ဦးအကြား အငြင်းပွားခဲ့သော် သမာဓိတင်းတောင်းနှင့်တိုက်၍ သမာဓိတင်းတောင်း အတိုင်းအပ်နှံခြင်း၊ သိမ်းယူခြင်းပြုလုပ်ကြရမည်။

၁၁။    (က)    ရောင်းသူနှင့်ဝယ်သူနှစ်ဦးအကြားအငြင်းပွားမှု တစ်ခုခုဖြစ်ခဲ့သော် ယင်းကိစ္စအတွက် ဤအသင်းကြီး၏ ဥက္ကဋ္ဌထံ လိပ်မူ၍အမြန်တိုင်ကြားရမည်။

(ခ)     တိုင်းကြားသော ပဋိပက္ခမှုကို အသင်းကြီး၏ပဋိပက္ခဖြေရှင်းရေးအဖွဲက အမြန်ဆုံးခေါ်ယူစစ်ဆေး၍ ဆုံးဖြတ်ချက်ချရမည်။

(ဂ)     ပဋိပက္ခဖြေရှင်းရေးအဖွဲ့၏ တင်ပြသောဆုံးဖြတ်ချက်ကို အလုပ်အမှုဆောင်အဖွဲ့မှ စဉ်းစား၍ အတည်ပြုခြင်း၊ ပြန်လည်ပြင်ဆင်ခြင်းများကို ပြုလုပ်ကြရမည်။ အလုပ်အမှုဆောင်အဖွဲ့၏ အပြီးသတ်ဆုံးဖြတ်ချက်ကို ပဋိပက္ခတွင် ပါဝင်သူ ရောင်းသူနှင့်ဝယ်သူတို့က လိုက်နာပြရမည်။

(ဃ)    ပဋိပက္ခဖြေရှင်းရေးအဖွဲ့၏ ဆုံးဖြတ်ချက်ကိုမကျေနပ်ပါက အလုပ်အမှုဆောင်အဖွဲ့ထံ အယူခံနိုင်သည်။

၁၂။    ကိုယ်စားလှယ်၏ရောင်းဝယ်မှုနှင့် ပတ်သက်သော ကိစ္စများသည် ၎င်း၏ ကိုယ်စားပြုသူ အသင်းသား၏ တာဝန်ဖြစ်သည်။

၁၃။    အသင်းသား၊ အသင်းသူအချင်းချင်းရောင်းမှားဝယ်မှားနှင့် ငွေရေးကြေးရေးကိစ္စများ ပေါ်ပေါက်ခဲ့သော် ဥက္ကဋ္ဌနှင့်အလုပ်အမှုဆောင်အဖွဲ့သို့ အမြန်တင်ပြတိုင်ကြားရန်ဖြစ်သည်။ ၎င်းတိုင်ကြားချက်ကို ပဋိပက္ခဖြေရှင်းရေးအဖွဲ့မှ ချက်ချင်းညှိနှိုင်းဆုံးဖြတ်၍ နီးစပ်ရာ အလုပ်အမှုဆောင်အစည်းအဝေးသို့ တင်ပြအတည်ပြုချက် ရယူရမည် ဖြစ်ပါသည်။ ထိုဆုံးဖြတ်ချက်ကို အသင်းသာ၊ အသင်းသူများ လိုက်နာကြရပါမည်။ မလိုက်နာခဲ့သော် အလုပ်အမှုဆောင်အဖွဲ့မှ ဆုံးဖြတ်ပေးသည့်အပြစ်ဒဏ်ကို နာခံကြရမည်။ အပြစ်ဒဏ်သည် အနိမ့်ဆုံး ဒဏ်ငွေမှ အမြင့်ဆုံး အသင်းမှထုတ်ပယ်သည်အထိဖြစ်ပါသည်။

၁၄။    အသင်းတိုက်ပြင်ပတွင် အသင်းသားအချင်းချင်း အရောင်းအဝယ်ပြုလုပ်ကြရာ၌ မကျေနပ်မှုရှိ၍ တိုင်ကြားပါက အသင်းသားအချင်းချင်းညီညွတ်စေလိုသော စေတနာဖြင့် အသင်းကြီး၏ ညီညွတ်မှုရှေ့ရှု၍ ညှိနှိုင်းပေးမည်။

၁၅။    (က)    ဝယ်သူကကုန်သိမ်းပြီးလျှင် ငွေလက်ငင်းအပြေပေးချေရမည်။

(ခ)     ဝယ်သူကကုန်သိမ်းပြီးနောက် ငွေအပြေမရှင်းပေးပါက ရောင်းသူသည် ငွေရလိုမှုကို

ဤအသင်းကြီးသို့ စာဖြင့်အထောက်အထားပြည့်ပြည့်စုံစုံ ဖော်ပြလျက် တိုင်ကြားနိုင်သည်။

(ဂ)     ငွေရလိုမှုနှင့် ပတ်သက်၍ ပဋိပက္ခဖြန်ဖြေရေးအဖွဲ၏ညှိနှိုင်းဆုံးဖြတ်ချက်ကို မလိုက်နာလျှင်သော်လည်းကောင်း၊ သတ်မှတ်ပေးထားသော ကာလကျော်လွန်လျှင်လည်းကောင်း၊ ပဋိပက္ခဖြန်ဖြေရေးအဖွဲ့မှ အလုပ်အမှုဆောင်အဖွဲ့သို့တင်ပြရမည်။ အလုပ်အမှုဆောင်အဖွဲ့က မလိုက်နာသူအား ပထမအသင်းတိုက်အတွင်းသို့ ကာလသတ်မှတ်၍ ယာယီဝင်ခွင့်ပိတ်ခြင်း၊ သတ်မှတ်ပေးထားသောကာလ ကျော်လွန်သောအခါ အသင်းမှထုတ်ပယ်သည်အထိ အရေးယူနိုင်သည်။

(ဃ)    အရောင်းအဝယ်နှင့်ငွေပေးငွေယူကိစ္စတွင် တိုင်ကြားသူမရှိသော်လည်း သတင်းကြီးမှု၊ ကျော်ကြားမှုနှင့်အသင်းကြီး၏ ဂုဏ်သိက္ခာထိပါးစေနိုင်သော ပြုမူပြောဆိုချက်များကိုသိရှိပါက အလုပ်အမှုဆောင်အဖွဲ့သည် သက်ဆိုင်သူအားလည်းကောင်း၊ အခြားလိုအပ်သောနည်းဖြင့် လည်းကောင်းစုံစမ်းရမည်။ ကျေနပ်လောက်သော ဖြေရှင်းချက် တင်ပြနိုင်ခြင်းမရှိမီ ကာလအပိုင်းအခြား သတ်မှတ်၍ အပြစ်ရှိသူအားအသင်းတိုက် အတွင်းသို့ ဝင်ခွင့်ကို ယာယီ ပိတ်နိုင်သည် (သို့မဟုတ်) အသင်းမှထုတ်ပယ်သည်အထိ အရေးယူနိုင်သည်။

၁။      အရောင်းအဝယ်ကို ဤအသင်းတိုက်အတွင်း၌သာ ပြုလုပ်ရမည်။ ပြင်ပတွင် အရောင်းအဝယ် မလုပ်ရ။

၂။      ကုန်ပစ္စည်းနမူနာနှင့် ဈေးဖြတ်၍ အတည်ပြုပြီးပါက ဈေးတက်သွားသည်ဖြစ်စေ၊ ဈေးကျသွားသည်ဖြစ်စေ၊ နမူနာနှင့်တူသော ကုန်ပစ္စည်းအရေအတွက်အပြည့်ကို ရောင်းသူကလည်း အပ်ရမည်။ ဝယ်သူကလည်းသိမ်းရမည်။

၃။      ကုန်ပစ္စည်းအဝယ်တည့်သောနေ့တွင်ပင် နမူနာနှင့်တူညီမှုရှိမရှိ နေ့ချင်းစစ်ဆေး၍ ကုန်သိမ်းမည့်နေ့ရက် အတိအကျကိုချိန်းဆိုရမည်။

၄။      အလေးချိန်တင်းချိန်နှင့်ပတ်သက်၍ မကျေနပ်ပါက အသင်းပိုင်ကတ္တား၊ တင်းတောင်းဖြင့် စစ်ဆေး၍ ကုန်အပ်ခြင်း၊ ကုန်သိမ်းခြင်း ပြုလုပ်ရမည်။

၅။      ကုန်သိမ်းသောအခါ နမူနာကို မူလနမူနာတစ်ထုပ်စာမျှသာ ယူကြရမည်။

၆။      ကုန်သိမ်းရာတွင်မိမိလုပ်ငန်း၊ မိမိတံဆိပ်အမှတ်အသားရိုက်ထားသော စာရွက်ဖြင့် သိမ်းယူရမည်။

၇။      ရောင်းသူနှင့်ဝယ်သူနှစ်ဦးအကြား အငြင်းပွားမှုဖြစ်ခဲ့သော် ဤအသင်းကြီး၏ ဥက္ကဋ္ဌထံအမြန်ဆုံး တိုင်ကြားရမည်။

၈။      အသင်းတိုက်ပြင်ပတွင် အသင်းသားအချင်းချင်း အရောင်းအဝယ်ပြုလုပ်ကြရာ၌ မကျေနပ်မှု ရှိ၍တိုင်ကြားပါက အသင်းကြီး၏ညီညွတ်မှုကိုရှေ့ရှု၍ ညှိနှိုင်းပေးမည်။ ညှိနှိုင်းဆုံးဖြတ်ချက်ကို မလိုက်နာပါက ဤအသင်းကြီး၏စည်းမျဉ်းစည်းကမ်းများအရ အရေးယူခြင်းခံရမည်။

၁။      မိမိကိုယ်ပိုင်လုပ်ငန်းကိုလုပ်ကိုင်မည့် ကိုယ်စားလှယ်သည်အသင်းသားဖြစ်ရန် လျှောက်ထားရမည်။ ကိုယ်စားလှယ်သည် မိမိကိုယ်ပိုင်လုပ်ငန်းအတွက် ရောင်းဝယ်နေသည်ကို တွေ့ရှိပါက ပထမအကြိမ်အသင်းမှ အခါအားလျော်စွာ သတ်မှတ်ထားသောဒဏ်ငွေကို ပေးဆောင်ရမည်။ ဒုတိယအကြိမ်ဆက်လက်ကျူးလွန်ပါက လုပ်ငန်းရှင်နှင့် ကိုယ်စားလှယ်ကိုပါ အသင်းမှထုတ်ပယ်သည်အထိ အရေးယူမည်။

၂။      အသင်းဝင်ရင်ထိုးတံဆိပ်ကိုအခြားသူအားငှားရမ်း၍ အသင်းတိုက်အတွင်းဝင်ရောက်သည်ကို တွေ့ရှိပါက ပထမအကြိမ်အသင်းမှ အခါအားလျော်စွာ သတ်မှတ်ထားသောဒဏ်ငွေကို ပေးဆောင်ရမည်။ ဒုတိယအကြိမ်ထပ်မံကျူးလွန်ပါက အသင်းမှထုတ်ပယ်သည်အထိ အရေးယူမည်။

၃။      အသင်းသား (သို့မဟုတ်) ကိုယ်စားလှယ်သည် မိမ်ရင်ထိုးတံဆိပ်မပါဘဲ အသင်းတိုက်အတွင်းသို့ ဝင်ရောက်ပါက အသင်းမှအခါအားလျော်စွာ သတ်မှတ်ထားသောဒဏ်ငွေကို ပေးဆောင်ရမည်။

၄။      အသင်းသားသစ်များသည်ကိုယ်စားလှယ်ထားလိုပါက အသင်းသားအဖြစ် တစ်နှစ်ပြည့်မြောက်သည့်အခါ ကိုယ်စားလှယ် (၁)ဦးထားနိုင်သည်။ (၂)နှစ်ပြည့်သည့်အခါ ကိုယ်စားလှယ် (၂) ဦးထားနိုင်သည်။

၅။      ကိုယ်စားလှယ်အလွှဲအပြောင်းလုပ်လိုပါက အသင်းမှအခါအားလျော်စွာ သတ်မှတ်ထားသော လွှဲပြောင်းကြေးငွေ ပေးဆောင်ရမည်။

၆။      အသင်းသားတစ်ဦးသည် သတ်မှတ်ထားသောအလှူငွေများကို ကထိန်တော်နှစ်အတွင်း ကြေညာထားသောနောက်ဆုံးပေးသွင်းရက်ကျော်လွန်မှ ပေးသွင်းပါက အသင်းကြီးက အခါအားလျော်စွာ သတ်မှတ်ထားသော အလှူငွေများပေးဆောင်ရမည်။ ကထိန်တော်နှစ် (၃)နှစ် ကျော်လွန်သည်အထိ ငွေပေးသွင်းခြင်းမရှိခဲ့သော် အသင်းသားအဖြစ်မှ ရပ်ဆိုင်းပြီးဖြစ်သည်။ ကထိန်တော်နှစ် (၃)နှစ်အတွင်း အလှူငွေများပေးသွင်းပါက သက်ဆိုင်သောနှစ်များအလိုက် ကျသင့်သော အလှူငွေပေါင်းအပြင် ၎င်းငွေများ အပေါ် (၅၀)ရာခိုင်နှုန်း အလှူငွေကိုပါ ပေးဆောင်ရမည်။

၇။      အသင်းသား၊ကိုယ်စားလှယ်များ၏ ရင်ထိုးတံဆိပ်များ ပျောက်ဆုံးခဲ့သော် အသင်းကြီးမှ အခါအားလျော်စွာ သတ်မှတ်ထားသော ဒဏ်ကြေးငွေကို ပေးသွင်း၍ အသစ်ပြန်လည်ထုတ်ယူရမည်။

Social media & sharing icons powered by UltimatelySocial